မြောင်းမြ ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ "နမောတဿ" (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားစတင်ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဇေယျမေဒနီပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ဆက်လက်၍ ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့ပြီး၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက သာသနာတော်ဆိုင်ရာ သာသနာရေးလျှောက်ထားချက်များ လျှောက်ထားခဲ့ကြောင်း သိရသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်သူအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အလယ်တောရ ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် အနုမောဒနာတရားနားကြား၍ ရေးစက်သွန်းချအမျှပေးဝေခဲ့သည်။
အဆိုပါအခမ်းအနားကို မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခဲ့ပြီး၊ "ဗုဒ္ဓသာသနံ စိရံတိဌတု" (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ