ကလိန်အောင် ဇူလိုင် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘဆရာအသင်းအမှုဆောင်အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသား မိဘများမှ စုပေါင်း၍ အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲမင်္ဂလာအခမ်းအနား ကျင်းပကြောင်းသိရသည်။
အဆိုပါဝါဆိုသင်္ကန်းဆက်ကပ်လှူပွဲ အခမ်းအနားသို့ ကလိန်အောင်မြို့ သဒ္ဓမ္မရံသီအောင်တော်မူ ဝတ်ပြုကျောင်းတိုက်မှ ဆရာတော် အရှင်သုစိတ္တနှင့် ပင့်သံဃာတော်(၇)ပါး၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများ၊ မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော် ဆောင်များ၊ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး သဒ္ဓမ္မရံသီအောင် တော်မူဝတ်ပြုကျောင်းတိုက် ဆရာတော် အရှင်သုစိတ္တထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး သဒ္ဓမ္မရံသီအောင်တော်မူဝတ်ပြုကျောင်းတိုက်မှ ဆရာတော်အရှင်သုစိတ္တထံမှ ရေစက်ချ အနုမောဒနတရားနာယူကြည်ညိုကြကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြကြောင်း သိရှိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)