အထက်မင်းလှ ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်တွင်ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရပ်ကွက် ၊ကျေးရွာများမှ ရေဘေးသင့်အိမ်ထောင်စု(၁၀၆၉)စုနှင့် လူဦး ရေ(၄၃၁၄)ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဇူလိုင်လ(၁၃)ရက်နေ့မှစတင်ပြီး မြို့မရပ်ကွက်၊ တောင်ရပ်ကွက်၊ ရုံးရပ်ကွက် တောင်ပိုင်းရပ်ကွက်၊ မလွန်ကျေးရွာ၊ ဥယျာဉ် ကျေးရွာ၊ ပေတောကန္နားကျေးရွာ၊ သပြေတောကျေးရွာ၊ ညောင်ပင်သာ (အရှေ့)၊(အနောက်) ကျေးရွာ၊သဖန်းချောင်းကျေးရွာ၊ကိုင်း ကျေးရွာများမှအိမ်ထောင်စုဝင်များအား သက်ဆိုင်ရာ၊ ရပ်ကွက်၊ ကျေးရွာများအလိုက်၊ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှဝန်ထမ်းများက လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ရေဘေးသင့်အိမ်ထောင်စုဝင်များအား တစ်အိမ်ထောင်လျှင် ဆန်(၁)ပြည် ဆီ(၅၀)ကျပ် သား ထောက်ပံ့ပေးလျက်ရှိရာ စုစုပေါင်း အိမ်ထောင်စု(၁၀၆၉)စုအတွက်ဆန် (၂၄)ပြည်အိတ်(၄၄)အိတ်၊ (၁၃)ပြည်၊ ဆီ(၄၀၈)ပိဿာ (၇၅)ကျပ်သား ထောက်ပံ့ပေးခဲ့ပြီး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု(၁၀၆၉)စု၊ လူဦးရေ(၄၃၁၄)ဦးအတွက် လူတစ်ဦးလျှင်ဆန်ရိက္ခာဖိုး ငွေ(၂၁၀၀/)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၉၀၅၉၄၀၀/)ထောက်ပံ့ပေးခဲ့သည်။
အဆိုပါရေဘေးကယ်ဆယ်ရေးစခန်းများတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ပြီး ဌာနဆိုင်ရာများ ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား ဝမ်းပျက်၊ ဝမ်း လျှော၊ ရောဂါကြိုတင်ကာကွယ်ရေး၊ မြွေအန္တရာယ်သတိပြုနေထိုင်ရေးစသည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)