မုက္ကဒိကျေးရွာ၌ စက်ချုပ်နည်းပညာသင်တန်း အခမဲ့ဖွင့်လှစ်

ဘားအံ ဇူလိုင် ၁၉

ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ အခမဲ့စက်ချုပ်နည်းပညာသင်တန်းကို ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာ၌ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးအောင်ခန့်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ကျေးလက်နေပြည်သူများ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ပြီး တစ်ပိုင်တစ်နိုင်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွက်လာကာ အသေးစားစက်မှုလက်မှုလုပ်ငန်းမှသည် အလတ်စား၊ အကြီးစားစက်မှုလက်မှုလုပ်ငန်းများအထိ တက်လှမ်းနိုင်စေရန်အတွက် သင်တန်းတက်ရောက်သူများအနေဖြင့် စနစ်တကျလေ့လာသင်ယူကြရန် တိုက်တွန်းပြောကြားပြီး ဒုတိယပြည်နယ်ဦးစီးမှူးက စီမံကိန်းကော်မတီဝင်များအား စီမံကိန်းဝတ်စုံများ ပေးအပ်ခဲ့သည်။

အဆိုပါစက်ချုပ်သင်တန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှ ဩဂုတ်လ ၁၇ ရက်နေ့တစ်လကြာ အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ကျွမ်းကျင်နည်းပြများက စက်ချုပ်ဘာသာရပ် ၁၄ မျိုးကို ကျွမ်းကျင်စွာလက်တွေ့အသုံးချနိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းအပြီးတွင် ထူးချွန်သင်တန်းသား(၅)ဦးကိုရွေးချယ်၍ တစ်ဦးကို ငွေကျပ်(၁၄)သိန်းနှုန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)