ရွှေဘို ဇူလိုင် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် သန်းခေါင်စာရင်းကော်မတီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ အတွင်းရေးမှူးကိုယ်စား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး၊ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေများ၊ ရွှေဘိုမြို့နယ်အတွင်း၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းပြုစုရေး ဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းခဲ့သည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းမှတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)