ဘားအံ ဇူလိုင် ၁၉
ကရင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သော ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံနှင့်အဆင့်မြင့်မော်တာ အပ်ချုပ်စက်သင်တန်း အမှတ်စဉ်(၁၁) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင် ကွက်သစ်ရှိ ပြည်နယ်ကျေးလက်ရုံးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသူများအနေဖြင့် မိမိတို့သင်ကြားခဲ့သည့် အိမ်တွင်းမှုအတတ်ပညာများဖြင့် မိသားစုဝင်ငွေရရှိရေးအတွက် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်ရင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လည်းတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ထက်မြတ်လာကြစေရန် တိုက်တွန်းပြောကြားသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းတို့က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသူများအား အပ်ချုပ်စက်တစ်လုံးစီ ဂုဏ်ပြုချီးမြှင့်ပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကာ ညွှန်ကြားရေးမှူးဦးဝင်းနိုင်က သင်တန်းနည်းပြများအား အမှတ်တရလက် ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် တာဝန်ရှိသူများသည် သင်တန်းခန်းမအတွင်း သင်တန်းသူများ ကိုယ်တိုင်ချုပ်လုပ်ထားသော သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့သင်တန်းဆင်းပွဲတွင် ဘားအံမြို့နယ်ရှိ ကျေးရွာ(၁၁)ရွာမှသင်တန်းသူ(၂၄)ဦး၊ ကမမောင်း မြို့နယ်မှ သင်တန်းသူ(၁)ဦး စုစုပေါင်းသင်တန်းသူ(၂၅)ဦးတို့က မေလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့ထိ ရက်သတ္တပတ်(၈)ပတ်ကြာ မော်တာအပ်ချုပ်စက်ဘာသာရပ်များကို သင်ကြား ပြီးမြောက်၍ သင်တန်းဆင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့နံနက် ၁၁ နာရီခွဲခန့်က ဘားအံမြို့နယ်၊ ဒုံရင်းအခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ နှင့် အထူးနေ့လည်စာကို သုံးဆောင်ခဲ့ကြသည်။
ထိုသို့ အထူးနေ့လည်စာသုံးဆောင်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ၏စားရေရိက္ခာဖူလုံရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးကဏ္ဍများတွင် အားကိုးအားထားပြုရသော စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေး တတ်သိပညာရှင်များ၊ ကျွမ်းကျင်ဝန်ထမ်းများဖြစ်လာကြမည့် ကျောင်းသား၊ ကျောင်းသူများကို အသိအမှတ်ပြုတန်ဖိုးထားသောအားဖြင့် ယခုကဲ့သို့ အထူးနေ့လည်စာကိုအတူတကွ လာရောက် သုံးဆောင်ခြင်းဖြစ်ကြောင်း၊ အဆောင်နေခွင့်ပေးထားပြီး နေထိုင်စား သောက်စရိတ် အခမဲ့ဖြင့် ပညာရှင်များကို မွေးထုတ်ပေးနေခြင်းဖြစ်သည့်အတွက် ကျောင်းစည်းကမ်း၊ အဆောင်စည်း ကမ်းများကိုလိုက်နာပြီး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ပညာကိုဆည်းပူး လေ့လာသင်ယူ ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က အထူးနေ့လည်စာအတွက် ငွေကျပ် ငါးသိန်းတစ်သောင်း ကိုးထောင်ကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ကြက်ဥနှင့်ဘဲဥများကိုလည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဗလာစာအုပ်များကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကာ အဆိုပါအထက်တန်း ကျောင်းရှိ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကျောင်းသား၊ ကျောင်းသူ ၉၄ ဦး၊ ဆရာ၊ဆရာမ ၁၈ ဦးတို့နှင့်အတူ အထူးနေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အဆိုပါအထက်တန်းကျောင်းပရိဝုဏ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးသော (၁၂)ပေအကျယ်ကွန်ကရစ်လမ်း ၄၆၈ ပေ၊ (၄)ပေအကျယ် ကွန်ကရစ်လမ်း ၆၁၀ ပေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဆောင်ရွက်သော တန်ဖိုးနည်း ဆရာ၊ ဆရာမများနေအိမ်နှစ်လုံးနှင့် School Garden ၀ ဒဿမ ၅၀ ဧက တို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)