ပွင့်ဖြူ ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် ဇီးကျွန်းကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာနှင့် ငှက်တောကုန်းကျေးရွာရှိ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီ အသင်းခွဲက သောက်ရေသန့်နှင့်ငရုတ်ကြော်၊ ငါးပိကြော်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှတပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင် ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဒေသခံရပ်မိရပ်များနှင့်အတူ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးစကားပြောကြားပြီး ကျေးရွာ(၄)ရွာရှိ ရေဘေးသင့်အိမ်ထောင်စု ၆၆၃ စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၁)လီတာ သောက်ရေသန့်ဘူး(၅)ဘူးနှင့် ငရုတ်ကြော်၊ ငါးပိကြော်တစ်ထုပ်စီတို့ကို စားသောက်ရေး အဆင်ပြေစေရန် စနစ်တကျ ခွဲဝေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့်ကျေးရွာများမှ ဒေသခံပြည်သူများ ရေဘေးအန္တရာယ်နှင့် မြေပြိုဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ဌာနဆိုင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယခုကဲ့သို့ စားသောက်ရေး အဆင်ပြေစေရန်ရည်ရွယ်၍ ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ပံ့ပိုးမှုဖြင့် သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများများကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )