ဘုတ်ပြင်း ဇူလိုင် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့်ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.မ.က-ရွှေဘုံသာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီခိုင်က အထိမ်းအမှတ်နေ့ ပြိုင်ပွဲများနှင့် အသိပညာပေး ဟောပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးပြောကြားသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှုများ၊ အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိကိုလည်းကောင်း၊ (၁၉) ဇူလိုင်မမေ့နိုင်၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု ဆောင်ရွက်ချက်များကို ဟောပြောခဲ့သည်။
ဆက်လက်၍ အာဇာနည်နေ့ အထိမ်းအမှတ် ကျောင်းတွင်း စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ အာဇာနည် ခေါင်းဆောင်ကိုးဦး၏ အတ္တုပ္ပတ္တိများ၊ ကဗျာ၊ ဆောင်းပါးများ စသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဘုတ်ပြင်း (ပြန်/ဆက်)