မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားသို့တက်ရောက်

မကွေး ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ရာသီဥတုမျှတရေး၊ သစ်တောသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်ချက်များဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပဆောင်ရွက်လျက်ရှိပြီး၊ ယမန်နေ့နံနက် ၇ နာရီအချိန်က မကွေးမြို့ အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး) မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တက္ကသိုလ် ပါမောက္ခချုပ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) ပါမောက္ခချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် အခုလိုသစ်ပင် စိုက်ပျိုးပွဲတော်များကျင်းပပြီး သစ်ပင်တွေစိုက်ပျိုးနေတဲ့ ရည်ရွယ်ချက်ကတော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်စေရန်၊ ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်နှင့် နိုင်ငံ့စီးပွားရေးအတွက် အထောက်အကူပြုစေရန် ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာတည်ရှိပြီး မိုးနည်းပူပြင်းတဲ့ဒေသတစ်ခု ဖြစ်ကြောင်း၊ နှစ်စဉ် ဧပြီလ နှင့် မေလမှာ ရာသီဥတု အပူဒဏ်ကို ဆိုးရွားစွာ ခံစားကြရကြောင်း၊  ဒီအန္တရာယ်ကို လျှော့ချဖိုနှင့်ကာကွယ်ဖို့အတွက် အရိုးဆုံးနှင့် အကောင်းဆုံးနည်းကတော့ သစ်ပင်စိုက်ပျိုးခြင်းပဲဖြစ်ပါကြောင်း၊ ဒါကြောင့်မကွေးတိုင်းအတွင်းမှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများနှင့် လမ်းဘေးဝဲယာသာမက ကျေးရွာများအထိ အရိပ်ရပင်များ၊ စားပင်များနှင့် အလှပင်များကို စိုက်ပျိုးလျက် ရှိကြောင်း၊ အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး)အနေနဲ့လည်း နှစ်စဉ်သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပစိုက်ပျိုးလျက်ရှိပြီး၊ ပြီးခဲ့တဲ့နှစ်က တက္ကသိုလ်ခြံစည်းရိုးပတ်လည်မှာ တမာပင်(၉၀၀)ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ကာ၊ အခုဆိုရင် အတော်ကြီးထွား စိမ်းလန်းနေတာကို ကြည်နူးဖွယ်တွေ့ရပါကြောင်း၊ တက္ကသိုလ်အနေနဲ့ တက္ကသိုလ်ဝန်းအတွင်းမှာ နေရာလွတ်တိုင်းကို အရိပ်ရအပင်များ၊ ပန်းပင်များနဲ့ လှပသာယာအောင်(၂၀၃၀)ခုနှစ်အထိ စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် နေတယ်ဆိုတာ သိရပါကြောင်း၊ ဒီနေ့လည်း ခရေ၊ တမာ၊ စိန်ပန်း အပါအဝင် ပျိုးပင်ပေါင်း(၅၀၀) စိုက်ပျိုးသွားမှာဖြစ်ပြီး၊ စိုက်ပျိုးရုံနှင့် မပြီးပဲ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ၊ ဝန်ထမ်းအားလုံးက တစ်ပင်စိုက်၊ တစ်ပင်ရှင်အောင် ရေလောင်း၊ ပေါင်းသင်ပြီး ပြုစုပျိုးထောင်ပေးကြဖို့နဲ့ ဒီသစ်ပင်တွေ ကြီးထွားလာပြီး စိမ်းလန်းစိုပြည်လာရင် ဒီတက္ကသိုလ်ကြီးက သာယာလှပလာပြီး Green University, Clean University, Smart University အဖြစ်သို့ မျှော်မှန်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး) ပါမောက္ခချုပ်နှင့် ကျောင်းသား၊ ကျောင်းသူများထံ ပျိုးပင်များပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တပ်နယ် ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ စုပေါင်း၍ အဆောင်သစ်တည်ဆောက်ရာက ဖြစ်ပေါ်လာသည့် နေရာလွတ်များတွင် အရိပ်ရအပင်များ၊ ပန်းပင်များ၊ သီးပင်စားပင်များဖြစ်သည့် ခရေ၊ တမာ၊ စိန်ပန်း၊ ငုဝါအပါအဝင် စုစုပေါင်း ပျိုးပင်(၅၀၀)ပင် စိုက်ပျိုးခဲ့ကြပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က သစ်ပင် စိုက်ပျိုးပွဲ တက်ရောက်လာသူများမှ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ