ဘားအံ ဇူလိုင် ၁၉
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင် ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာအမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာန အသင်းနှင့်ပညာရေးအသင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံးအသင်းနှင့် မီးသတ်ဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါဗိုလ်လုပွဲစဉ် အမျိုးသမီးပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် မီးသတ်ဦးစီးဌာနအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရ ဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပြိုင်ပွဲအားပူးပေါင်း ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့အားဂုဏ်ပြုဆုငွေနှင့် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး စပေးဘော၊ ဆယ်မ၊ ပင့်ထောင်၊ ရိုက်ခုတ်၊ ပိတ်ဆို့နှင့်အကောင်းဆုံးဆုရရှိကြသူများ၊ ပူးတွဲတတိယဆုရရှိသော လမ်းဦးစီးဌာနအသင်းနှင့် ဘားအံတက္ကသိုလ်အသင်း၊ ဒုတိယဆုရရှိသော ပညာရေးအသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကက အနိုင်ရဗိုလ်စွဲသွားသော အားကစားနှင့်ကာယပညာဦးစီးဌာနအမျိုးသမီးအသင်းအား တစ်ဦးချင်း လည်ဆွဲဆု၊ ငွေသားဆု(၁၀) သိန်းနှင့်ဆုဖလား တို့ကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက်ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး စပေးဘော၊ ဆယ်မ၊ ပင့်ထောင်၊ ရိုက်ခုတ်၊ ပိတ်ဆို့ နှင့်အကောင်းဆုံးဆုရရှိကြသူများ၊ ပူးတွဲတတိယဆုရရှိသော ပညာရေးအသင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အနိုင်ရဗိုလ်စွဲသွားသော မီးသတ်ဦးစီးဌာနအမျိုးသားအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု (၁၀)သိန်းနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည်တည်တံရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာကိုပိုမိုစားသုံးနိုင်ရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရေးတို့ကိုရည်ရွယ်၍ သဘာဝမြစ်ချောင်းအင်းအိုင် ဆည်တမံများအတွင်း ငါးမျိုးများ စိုက်ထည့်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ လှိုင်ကမ္ဘာကျေးရွာအုပ်စုရှိ ဒုံရင်းသဘာဝစမ်းရေတံခွန်အတွင်း ရှင်သန်ကြီးထွားရန်အကောင်းဆုံး အရွယ်ရှိသည့် ငါးသားပေါက် ကောင်ရေတစ်သိန်းကို ငါးမျိုးစိုက်ထည့်ပေးကြသည်။
ငါးမျိုးစိုက်ထည့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် တက်ရောက်လာသော လှိုင်ကမ္ဘာကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော နှစ်လက်မအောက်ခံအရွယ်ရှိ ငါးမြစ်ချင်းကောင်ရေ ငါးသောင်းနှင့် ငါးခုံးမကြီးကောင်ရေ ငါးသောင်းတို့ကို ဒုံရင်းသဘာဝစမ်းရေတံခွန်အတွင်းငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီအတွင်း ဘားအံငါးလုပ်ငန်းစခန်းနှင့် ကျုံဒိုးငါး လုပ်ငန်းစခန်းတို့မှ ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော ငါးသားပေါက်ကောင်ရေ (ခုနှစ်သိန်းနှစ်သောင်း)ကျော်ကို ထုတ်လုပ်၍ ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ပြီး ယခုအခါ ငါးမျိုးစိုက်ထည့်ပွဲ(၄)ကြိမ်ဖြင့် ငါးသားပေါက်ကောင်ရေ(၃၇၀၀၀၀)ကျော်ကို သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင် ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရကာ ငါးမျိုးစိုက်ထည့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရီးစဉ်ဒေသတစ်ခုဖြစ်သော ဒုံရင်းသဘာဝစမ်းရေတံခွန် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ ဈေးဆိုင်ခန်းများ စနစ်တကျရှိစေရေး ကြည့်ရှုစစ်ဆေးပြီး ရေတံခွန်ကန်ကျောက်စီရန် ကျန်နေသောအပိုင်းအား လာမည့်နှစ်တွင် လျာထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)