ပန်းတနော် ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီက ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု ဧရာဝတီဟင်္သာတ တစ်ဘက်ကမ်းတာ၊ တာမိုင်(၇၀/၀)မိုင် ဘဝိုင်းရေကင်းစခန်းသို့ရောက်ရှိပြီး မြစ်ရေကြီးမှု အခြေအနေနှင့်တာတမံများ ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများသည် ဧရာဝတီဟင်္သာတတစ်ဘက်ကမ်းတာ၊ တာမိုင်(၇၀/၀)မိုင် ဘဝိုင်းရေကင်းစခန်းတွင် ဧရာဝတီမြစ် ရေကြီးမှုအခြေအနေတို့အား ကြည့်ရှုလေ့လာစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသိန်းဇော်ဝင်းက ဧရာဝတီမြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ တာတမံများကြံ့ခိုင်မှုနှင့် ရေကင်းစခန်းများ စနစ်တကျစီမံဆောင်ရွက် ထားရှိမှုအခြေအနေများကို မြေပုံဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ရေဝင်ရောက်မှုကြောင့် ဘဝိုင်းကျေးရွာအုပ်စု၊ လက်ပန်တန်းကျေးရွာ ဆည်မြောင်းတာဘောင်မြစ်ဘက်ကမ်းတွင် နေထိုင်ကြသော နေအိမ်(၂၃)လုံးမှ ကြိုတင် ပြောင်းရွှေ့ပေးခဲ့ရသည့် မိသားစုဝင်များနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)