ဖြူး ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ (၂၀၂၄-၂၀၂၅) ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာတွင် လျာထားချက်ပြည့်မီရေးအတွက် စိုက်ပျိုးနည်းစနစ်မျိုးစုံဖြင့် စိုက်ပျိုးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်ရှိ မိုးစပါးစိုက်ခင်းတွင်လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးညှိနှိုင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျီးမနိုးကျေးရွာအုပ်စုအတွင်း ကျေးရွာများနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများသည် ဖြူးမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသမှုအားကြည့်ရှု လေ့လာခဲ့ကြသည်။
ဖြူးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရန် ဒေသနှင့်ကိုက်ညီသော အဓိကစိုက်ပျိုးမည့် စပါးမျိုးကွဲများဖြစ်သည့် ဆင်းသုခမျိုး(၇၉၃၂၂)ဧက၊ ရက်(၉၀)မျိုး (၂၂၅၇)ဧက၊ မနောသုခမျိုး(၅၀၄၁၆)ဧက၊ ရတနာတိုးမျိုး(၃၆၅၀)ဧက၊ နှံကောက်မျိုး(၅၉၂၉)ဧက၊ ရွှေနံ့သာပေါ်ဆန်းမျိုး(၅)ဧက၊ YSR-1မျိုး(၁၂၇၁)ဧက၊ YAR-14မျိုး (၃၁၂၆)ဧက၊ YMR-20 မျိုး(၅၂၁၁)ဧက၊ စုစုပေါင်း (၁၅၁၁၈၇)ဧက စိုက်ပျိုးသွားရန်လျာထားပြီး စိုက်ပျိုးစနစ်များအနေဖြင့် စိုက်ခင်းစနစ်၊ ဘောင်ပျိုးစနစ်၊ ကောက်စိုက်စက်စနစ်၊ ရိုးရိုးစိုက်ပျိုးစနစ်၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးညှိနှိုင်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
နေမျိုးလွင်