အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း ကာလတိုအခမဲ့သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

တောင်ငူ ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဒေသအတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အသက်မွေးဝမ်းကြောင်းပညာတတ်မြောက်ခြင်းဖြင့် တစ်ဦးချင်းဝင်ငွေမြင့်မားလာစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပူးပေါင်းကူညီမှုဖြင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း ကာလတိုအခမဲ့သင်တန်းကို ဇူလိုင် ၈ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)အစည်းအဝေးခန်းမ၌ သင်တန်းဆင်းပွဲ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)မှ ကျောင်းအုပ်ကြီးဒေါက်တာကျော့ကျော့ရီက သင်တန်းဆင်းအမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ရာ သင်တန်းသားများကိုယ်စား မြို့နယ်ကိုယ်စားပြုသင်တန်းသား(၅)ဦးမှ လက်ခံရယူသည်။ ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြတွဲဖက်ပါမောက္ခဦးသန်းနိုင်ဦးက အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းများကို ဇူလိုင် ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီး တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ် ၊ ဖြူးမြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ သင်တန်းသား (၂၃)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)