ချောင်းသာ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသည်ဟု ယူဆရသည့် ဆေးရုံတက်(သံသယ)လူနာ၏နေအိမ်နှင့် ပတ်ဝန်းကျင်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်(Abate)ဆေးခပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ချောင်းသာမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၁)ဦးထွန်းအောင်ကို ဦးဆောင်၍ ချောင်းသာမြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လူနာနေထိုင်သည့် နေအိမ်နှင့်ပတ်ဝန်းကျင်နေအိမ်များ၊ လမ်းသွယ်၊ လမ်းမများအား ထုံးဖြူးခြင်း၊ ဆေးဖျန်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်(Abate)ဆေးခပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချောင်းသာမြို့တွင် မိုးရာသီကာလတွင် အများဆုံးဖြစ်တတ်သည့် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားမှုလျော့နည်းစေရေးနှင့် ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးတို့အတွက် တိုက်နယ် ကျန်းမာရေးဌာနက ဦးဆောင်ပြီး ရပ်ကွက်နှင့်ကျေးရွာများတွင် ကွင်းဆင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်(Abate) ဆေးခပ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)