ဝေါ ဇူလိုင် ၁၈
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝေါမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်(၉) ဦး၏ ကိုယ်ရေးရာဇဝင်အချက်များနှင့် အာဇာနည်နေ့အကြောင်းသိကောင်းစရာ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင်ကြိုး ပမ်းဆောင်ရွက်ခဲ့သည့်အပြင် ဗိုလ်ချုပ်၏ ရင်တွင်းခံစားချက်ဖြစ်သည့် စာပေနှင့်အနုပညာခံစားချက်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် အကျယ်တဝင့်ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကျင်းပရာ အ-ထ-က (ဝေါအရှေ့ကျောင်း)မှ ၊အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၀)ဦး၊ ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်း၏ နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)