ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်‌ဆေးခြင်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်

ပေါက်ခေါင်း ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ကျန်းမာရေးစစ်‌ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(အိုးဘိုကုန်း) ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်‌ရှောက်ရေးအသင်းအဖွဲ့နှင့် ကျန်းမာရေးဆရာမများက ဝမ်းပျက်ဝမ်း‌လျှောရောဂါ သတိပြုကာကွယ်ရေးနှင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်ပွားအောင် ဂရုပြုနေထိုင်ရမည့်အချက်များ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၏ အကျိုးကျေးဇူးများ၊ လက်ဆေးခြင်းနှင့် လက်ကိုသန့်ရှင်းစင်ကြယ်စွာ ထားရှိခြင်း၏ အကျိုးကျေးဇူးများ၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားအောင် သတိပြုရမည့်အချက်များကို အသိပညာပေးဆွေးနွေးဟောပြောပြီး ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၏ ခံတွင်းနှင့် သွား၊ ခြေသည်း၊ လက်သည်းများကို တစ်ဦးချင်းစစ်ဆေးပေးခဲ့ကြကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)