တမူး ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးရရှိသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသော ဆရာ/ဆရာမများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းရှိ ဘော်ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တမူးခရိုင်ပညာရေးမှူး ဦးစံအောင်ဖြူက အမှာစကားပြောကြားပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုဆွေမှ ကျောင်းဖွံ့ဖြိုးတိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ တိုင်းဒေသကြီးအဆင့် အောင်ချက်အကောင်းဆုံးကျောင်း ပထမဆုရ အမှတ်(၁) အခြေခံအထက်တန်းကျောင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ်အဆင့်ဒုတိယဆုရ တမူးမြို့နယ်နှင့် ဝိပ္ပံဘာသာတွဲတွင် လေးဘာသာဂုဏ်ထူးဖြင့် တိုင်းဒေသကြီးအဆင့် စတုတ္ထဆုရ ကျောင်းသား မောင်ခန့်ဇေယျာကျော်၊ နှစ်ဘာသာ၊ တစ်ဘာသာဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများနှင့် ဂုဏ်ထူးရရှိ အောင်သင်ကြားပေးခဲ့သော ဆရာ/ဆရာမများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအသီးသီးမှကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆုရကျောင်းသား /ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရတနာ