မိုးညို ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူနှင့် ကမ်းပြိုဘေးသင့်ပြည်သူများ ခေတ္တနေထိုင်သည့် ကယ်ဆယ်ရေးစခန်းသို့ ယမန်နေ့က သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇)စု၊ ကျေးရွာ(၉) ရွာတို့တွင် မြစ်ရေဝင်ရောက်မှုကြောင့် ကမ်းပြိုကြိုတင်ပြောင်းရွှေ့နေအိမ် (၂)လုံး၊ မျောပါနေအိမ် (၁)လုံး၊ ပြိုလဲနေအိမ် (၁) လုံးနှင့် သစ်ပင်ပိ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၅၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၉၄၀၀/-) ကျပ်၊ ရေဝင်ပြောင်းရွှေ့နေအိမ် (၅၈) လုံးမှ လူဦးရေ (၂၄၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၁၆၆၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၉၉၆၀၀၀/-) ကျပ်နှင့် လုံးဝပျက်စီးနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅/၁၆) မျိုးပါ (၂) အိမ်ထောင်စုစာ တန်ဖိုးငွေ (၂၀၀၄၉၆/-) ကျပ်တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ကယ်ဆယ်ရေးစခန်းများရှိ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)