ကရသူရိ ဇူလိုင် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်နှင့် စာအုပ်/စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးက အာဇာနည်နေ့သည် မြန်မာတစ်မျိုးသားလုံး မမေ့အပ်သည့်နေ့ထူး/နေ့မြတ်တစ်နေ့ဖြစ်ပါကြောင်း၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် အာဇာနည် (၉) ဦး၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့တွင် နိုင်ငံတော်အလံ တစ်ဝက်လွှင့်ထူ၍ ဂုဏ်ပြုအလေးပြုခြင်း နှင့် အခမ်းအနားများကျင်းပပြုလုပ်ရခြင်းအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများအား အတုယူ၍ နိုင်ငံ့သားကောင်းရတနာ အာဇာနည်များပေါ်ထွန်းရေးတို့ကို အကျယ်တဝင့်ဟောပြောသည်။
ထို့နောက် အာဇာနည်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာများဖြစ်သည့် အာဇာနည်နေ့အထိမ်းအမှတ် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ အာဇာနည် (၉)ဦး၏ မှတ်တမ်းများ၊ ဗိုလ်ချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ အသိပညာပေးနံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြဘုတ်တို့ကိုပြသရာ ကျောင်းသား/သူများ လေ့လာကြည့်ရှုခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်၊ အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ရာ အဆိုပါသို့ ကရသူရိမြို့ အခြေ ခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)