သံတောင်ကြီးဒေသတွင် နနွင်းများစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း

သံတောင်ကြီး ဇူလိုင် ၁၈

ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်/နှစ်တို ပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခင်နှစ်များတွင် နနွင်းများ ဈေးကောင်းရရှိခြင်းကြောင့်  နနွင်းများကို ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်လာပြီး ယခုအချိန်တွင်နနွင်းပင်များ အောင်မြင်စွာဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နနွင်းပင်များကို စိုက်ပျိုးပြီးတစ်နှစ်အတွင်း တူးဖော်ရောင်းချနိုင်သည့် နှစ်တိုအပင်တစ်မျိုးဖြစ်ပြီး တစ်ခြားသော  သီးနှံများထက် ပိုမိုလွယ်ကူမြန်ဆန်စွာ  လုပ်ကိုင်နိုင်သော  ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ကာ ဒေသခံပြည်သူများမှာ ယခင်နှစ်များထက် ပိုမိုစိုက်ပျိုးလုပ်ကိုင်လာသည်။

သံတောင်ကြီးဒေသတွင်ဒေသခံပြည်သူများမှာ မိမိတို့ပိုင်ဆိုင်သော မြေနေရာများနှင့် မြေလွတ်မြေရိုင်းနေရာများတွင် တောင်ယာခုတ်ကာ နနွင်းများစိုက်ပျိုးကြသည်။ နနွင်းများကို မေလတွင် စိုက်ပျိုးကြပြီး အထွက်ကောင်းစေရန် အတွက်တစ်နှစ်အတွင်းတွင် ပေါင်းနှစ်ကြိမ်မှ သုံးကြိမ်အထိ ရှင်းပေးရန်လိုအပ်ပြီး ရှင်းပြီးသောပေါင်းဆွေး၊ မြက်ဆွေးများကို သဘာဝမြေဩဇာအဖြစ် အသုံးပြုလျက်ရှိသည်။ ယခုနှစ်များတွင် တစ်နွင်းတစ်ပိဿာကို ကျပ် (၇၀၀၀)မှကျပ် (၈၀၀၀)အထိရရှိပြီး ယခုနှစ်မှာလည်းဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း နနွင်းစိုက်ပျိုးလုပ်ကိုင်သူ ဦးတာမလာဘောထံက သိရသည်။

နော်နော်မူ