မုံရွာ ဇူလိုင် ၁၈
မုံရွာတက္ကသိုလ်အနုပညာအသင်းက ကြီးမှူးပြီး မြန်မာအကဝါသနာပါသူ ရွက်ပုန်းသီးလေးများ ဖော်ထုတ်ပေးရန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အကပညာကို မြတ်နိုးတန်ဖိုးထားတတ်လာစေရန်၊ မုံရွာတက္ကသိုလ်ရဲ့ ပြုလုပ်တဲ့အခမ်းအနားတွေမှာ ကပြမယ့် မြန်မာအကအဖွဲ့များ အသင့်ရှိနေစေရန်နှင့် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေမှာ အကပြိုင်ပွဲဝင်သူများ တိုးပွားလာစေရန်တို့ရည်ရွယ်ပြီး မြန်မာအက အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၈ ရက်၊ နံနက် ၁၀ နာရီကကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ခေတ္တပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်း၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူး ဆရာကြီး၊ ဆရာမကြီးများ၊ ပါမောက္ခများ၊ အနုပညာအသင်း အဖွဲ့ဝင်များ၊ အကပညာရှင်ဆရာမများနှင့် ဘာသာရပ်ပေါင်းစုံ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ သင်တန်းသူများက တေးသရုပ်ဖော်အကနှင့် ကပြဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ဆက်လက်ပြီး မုံရွာတက္ကသိုလ် အနုပညာအသင်းနာယက ခေတ္တပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာသန်းသန်းဝင်းက အသက်အရွယ်အစုံ၊ အနုပညာအတွေ့အကြုံအစုံဖြစ်ပြီး ဝါသနာတူများ ပါဝင်တဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အခုအကသင်တန်းသူတန်းအနေဖြင့် သင်တန်းမှအို့ချမည့် အကပညာရပ်များကို အလေးထားကြိုးစားသင်ယူသွားကြပါလို့ တိုက်တွန်းပြောကြားပြီး နောက်မုံရွာတက္ကသိုလ် အနုပညာအသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာဦးအေးဝင်းက မြန်မာအက အခြေခံသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာအက အခြေခံသင်တန်းသူများ၏ အခြေခံကဗျာလွတ်အက (၁၀)ကွက် သရုပ်ဖော်ကပြမှုအား ကြည့်ရှုအားပေးပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်းသိရသည်။
အဆိုပါ မြန်မာအက အခြေခံသင်တန်း တွင် အကပညာရှင်ဆရာမများက မုံရွာတက္ကသိုလ်ရှိ ဘာသာရပ်ပေါင်းစုံမှ ဆရာမများနှင့် ကျောင်းသူများ စုစုပေါင်း(၁၀၇)ကို အခြေခံကဗျာလွတ်အက အား ဇူလိုင်လ (၁၈)ရက်နေ့မှ (၃၁)ရက်နေ့အထိ ရက်သတ္တ(၂)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်သည့်အပြင် ပုဂံအက၊ အပျိုတော်ယိမ်းအကနှင့် တိုင်းရင်းသားရိုးရာ အကများကိုလည်း ဆက်လက်ဖွင့်လှစ်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)