မင်းဘူးမြို့ မြစ်ရေဝင်ရောက်သည့် နေအိမ်များ၊ ရေဘေးရှောင်စခန်းများသို့ သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်း

မင်းဘူး ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ဧရာဝတီမြစ်ရေ ဝင်ရောက်နစ်မြုပ်သည့် နေအိမ်များ၊ ရေဘေးရှောင်စခန်းများသို့ ယမန်နေ့က သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ လာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။

ထိုရေဘေးရှောင်စခန်းများသို့ မင်းလှမြို့၊ မေတ္တာအလင်းရောင် သွေးအလှူရှင်အသင်းနှင့် ကျောက်တန်းကျေးရွာ လောဟိတဒါန လူမှုကယ်ဆယ်ရေးအဖွဲ့မှ ထမင်းဘူး (၁၀၀၀) ကိုလည်းကောင်း၊ အောင်သုခကျောင်းဆရာတော် ဦးပဏ္ဍိတမှ ထမင်းဘူး (၄၀၀) ကိုလည်းကောင်း၊ ချမ်းသာကြီး ကျောင်းထိုင်ဆရာတော် ဦးပညာသီရိနှင့် အလှူရှင် ဦးဇော်မင်းဦး+ဒေါ်မွန် မိသားစုက ကြာဇံချက်နှင့် အချိုရည်ဘူးများကိုလည်းကောင်း၊  မင်းဘူးခရိုင်၊ ကြက်ခြေနီတပ်ဖွဲ့မှ (၂၀) လီတာ ရေသန့်ဘူးကြီး (၄၀၀) ဘူး၊ တစ်လီတာဘူး ရေသန့်ကတ် (၅၀) နှင့် ခေါက်ဆွဲကြော်ဘူး (၃၀၀) ကိုလည်းကောင်း လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)