လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၃)ကျောင်း ယာယီပိတ်ထား

လေးမျက်နှာ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းဝန်းအတွင်း ငဝန်မြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၃)ကျောင်းအား ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြစ်ရေဝင်ရောက်သဖြင့် လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း (၂)ကျောင်း စုစုပေါင်း (၃)ကျောင်းတို့အား ယာယီပိတ်ထားခဲ့သည်။ ကျောင်းများကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး အစားထိုးရက်အဖြစ် တနင်္ဂနွေနေ့တိုင်း ပြန်လည်တက်ရောက်ရမည်ဖြစ်သည်။

မြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းအဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်း၊ မြစ်ရေကျဆင်း၍ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်စုချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ကျောင်းအတွင်းအပြင်သန့်ရှင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးသက်ကို(ပြန်/ဆက်)