လွိုင်ကော် ဇူလိုင် ၁၈
ကယားပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဝတ်စုံနှင့်အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏အကျိုးကို ဆောင်ရွက်နေသည့် ပြည်သူ့အကျိုးပြုတပ်ဖွဲ့တစ်ခုဖြစ်ကြောင်း၊ လွိုင်ကော်မြို့ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ကျရာအခန်းကဏ္ဍမှ အင်တိုက်အားတိုက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် တပ်ဖွဲ့၏ပင်မလုပ်ငန်း တာဝန်များဖြစ်သည့် တပ်ဖွဲ့ဝင်တစ်ဦးချင်း၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း ၊ ရှာဖွေကယ်ဆယ်ခြင်းနှင့် ပြည်သူလူထုအား သဘာဝဘေး၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်မီးသတ်ဦးစီးမှူးက လွိုင်ကော်မြို့ဒေသဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိမှု၊ လူ၊ ယာဉ်၊ ယန္တရားများစုဖွဲ့ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဝတ်စုံများနှင့် အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
၎င်းနောက် အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မီးငြှိမ်းသတ်ယာဉ်များနှင့် ဝန်ထမ်းအိမ်ယာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)