ပဲခူး ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပြွန်တန်ဆာမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ကကျင်းပရာ မုခ်ဦးရှေ့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးမျိုးဝင်းအောင်၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဦးလှမျိုးအောင်၊ ညောင်လေးပင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ပွဲတော်အား အဆိုပါကျောင်းဘိုးရာဇာခန်းမ၌ ဆက်လက်ကျင်းပရာ ပြွန်တန်ဆာမြို့၊ အ.ထ.က(၂) ကျောင်းသား/သူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက “တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် အခြေခံပညာကျောင်းများကိုအခြေခံ၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျောင်းသား/သူလူငယ်များ နိုင်ငံ့အနာဂတ်လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသည့်အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုသူများ ဖြစ်လာစေရန်ဟူသောရည်ရွယ်ချက်များဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ယခုကျင်းပသည့်ပွဲသည် တိုင်းဒေသကြီးအနေဖြင့် တတိယမြောက်ဖြစ်ကြောင်း လူကြီးလူငယ်လူရွယ် အရွယ်စုံအားလုံး အသိပညာဗဟုသုတတိုးပွားစေဖို့ စာတတ်သူ၌စာဖတ်ကြဖို့လိုကြောင်း၊ အဆိပ်သင့်သည့်စာပေ၊ ဘေးဖြစ်စေမည့်စာမျိုးကို ရှောင်ရှားရမှာဖြစ်ကြောင်း၊ ကျောင်းသား/သူများကလည်း ကျောင်းစာများကို ကြိုးကြိုးစားစားလေ့လာသင်ယူကြရန်နှင့် ဗဟုသုတရဖို့ ပြင်ပစာပေများကို ဖတ်ရှုလေ့လာကြစေလိုကြောင်း” စသည့်ဖြင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးအဖွဲ့နှင့်တာဝန်ရှိသူများက ပွဲတော်တွင် ဟောပြောဆွေးနွေးသည့် စာပေပညာရှင်များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများနှင့် စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများကိုအသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် လင်းရောင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူနှစ်ဦးက “အသိအမြင်တိုးတက်ဖို့ စာပေလေ့လာကြပါစို့” သီချင်းဖြင့်သီဆိုကပြဖျော်ဖြေခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲဝင်တစ်ဦးက သရုပ်ပြတင်ဆက်ခြင်း၊ ညောင်လေးပင်မြို့အ.ထ.က(၁)မှ ကျောင်းသူ(၃)ဦးက “နှလုံးသားကိုအလှဆင်ပါ” သီချင်းအား စောင်းတီးခတ်၍ သီဆိုဖျော်ဖြေခြင်း၊ ပုံပြင်ပြောပြိုင်ပွဲဝင်တစ်ဦးက သရုပ်ပြသခြင်းနှင့် ပြွန်တန်ဆာမြို့အ.ထ.က(၂) ကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက်တာဝန်ရှိသူများက ခင်းကျင်းပြသထားသော ဓာတ်ပုံပြခန်း၊ စာအုပ်ပြခန်းနှင့် စာအုပ်အရောင်းဆိုင်များ၊ ကျောင်းသား/သူများ၏ ဂိမ်းကစားခြင်း၊ အရုပ်ဆက်၊ စကားပုံဆက်၊ ပြိုင်ပွဲဝင်မှုများ ရွေ့လျားစာကြည့်တိုက်လှုပ်ရှားမှုဖြင့် ဘုတ်ပြားပြဇာတ်၊ စက္ကူပြဇာတ်သရုပ်ပြမှုနှင့် ကျောင်းစာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် စာပေပညာရှင်လှမြင့်ဦး(ညောင်လေးပင်)က စာပေကပေးသောအသိခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမျိုးသားစာပေဆုရွေးချယ်ရေးကော်မတီအဖွဲ့ဝင် မြန်မာနိုင်ငံစာရေးဆရာများအသင်းဗဟိုအလုပ်အမှုဆောင်၊ စာပေဗိမာန်ဆုရှင် စာပေပညာရှင်ဒေါက်တာမြင့်သန်း(ညောင်လေးပင်)က စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသောအကျိုးကျေးဇူးများခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား/သူများအား ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်