အခြေခံပညာအထက်တန်းကျောင်း(ပေါက်ခေါင်း)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပေါက်ခေါင်း ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲက အ.ထ.က(ပေါက်ခေါင်း) ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်သည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့‌နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲရှိတတ်စေရန်နှင့် လူငယ်အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ ကျောင်းအုပ်ဆရာကြီး ဦးညွှန့်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင်ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ဦးဆောင်မိတ်ဆက်ပေးပြီး ဆွေးနွေးပွဲစတင်ကျင်းပခဲ့ရာ လူငယ်နှင့်စာကြည့်တိုက်ခေါင်းစဉ်ဖြင့် Grade-11(A)မှ မသဉ္ဇာ‌အောင်ကလည်းကောင်း၊ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် Grade-11(A)မှ မခင်ချမ်းမြေ့ဗိုလ်ကလည်းကောင်း၊ လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့် Grade-11(A)မှ မောင်လင်းခန့်ကိုကိုကလည်းကောင်း၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်Grade-11(B)မှ မောင်ဇင်သူမောင်တို့က အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးပြောကြားမှုအကြောင်းအရာများအပေါ် သိရှိလိုသည့် မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူလေးများက မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါလူငယ်စကားဝိုင်းသို့ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပ‌ပျောက်ရေး၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)