ကျွန်းလှ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးရိုးပြတ်များအား ယူရီးယားနှင့် အီးအမ် အသုံးပြုပြီး ထယ်ထိုးမြေမြုပ်ခြင်း အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆)၊ တောင်သူ ဦးသံချောင်း၏ နွေးစပါးရိုးပြတ်စိုက်ခင်း ၅ ဧက၌ ကျင်းပသည်။
အသိပညာပေးပွဲတွင် ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ရိုးပြတ်များ မီးရှို့ခြင်းကြောင့် ထွက်ရှိလာသည့် မီးခိုးငွေ့များ လျောချနိုင်စေရန်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်းသက်သာစေရန်၊ မြေဆီလွှာအတွင်း တဖြည်းဖြည်း ယုတ်လျော့နေသော သဘာဝမြေဆွေးဓါတ် ပြန်လည်တိုးပွားလာစေရန်၊ စဉ်ဆက်မပြတ်စိုက်ပျိုးထုတ်လုပ်နိုင်၍ ရေရှည်တည်တံ့သော စိုက်ပျိုးရေးတည်ဆောက်နိုင်စေရန်အတွက် ယူရီးယားနှင့် အီးအမ်အသုံးပြုပြီး ထယ်ထိုးမြေမြုပ်ခြင်း အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်းပြီး ယူရီးယားဓာတ်မြေဩဇာများ ကြဲပက်ခြင်းနှင့် အီအမ်ပက်ဖျန်းပြီး ထယ်ထိုးမြေမြုပ်ခြင်းများ လက်တွေ့ဆောင်ရွက်ကြသည်။
အဆိုပါ အသိပညာပေးပွဲသို့ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)