နတ်မောက်မြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

နတ်မောက် ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ဒု-မြို့နယ်ပညာရေးမှူး ဦးဖုန်းဟန်ဆန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင်(ဦးစီးအရာရှိ)က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပညာရေးဌာနနှင့်ပူးပေါင်း၍ ပြိုင်ပွဲများ လစဉ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား/သူလူငယ်များအနေဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အသက်ကိုပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်(၉)ဦးကို အစဉ်အောင်းမေ့သတိရစေလိုကြောင်း၊ အနာဂတ်၏ မျိုးဆက်သစ်လူငယ်များသည် အမျိုးကိုချစ်တဲ့စိတ်၊ မိမိဘာသာကိုယုံကြည်မှု၊ မိမိယဉ်ကျေးမှုကို ထိန်းသိမ်းထားလိုတဲ့စိတ်များ မွေးမြူရမှာဖြစ်ပါကြောင်း စသည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၇၇)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပရာ  ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများက ပြန်လည်တင်ဆက်ပေးခဲ့ပြီး တက်ရောက်လာကြသည့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဌာနဆိုင်ရာအကြီးအကဲများကဆုရရှိသည့် ကျောင်းသား/သူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။ အဆိုပါဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး စာအုပ်စာစောင်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများနှင့်  ပြတိုက်ငယ် (MiniMuseum)တို့အား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်  စကားပုံဆက်ဂိမ်းကစားနည်းကို ကျောင်းသား/သူများဖြင့် ပျော်ရွှင်စွာပြုလုပ်ခဲ့သည်။

လှဝင်း