ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ

ကလိန်အောင်  ဇူလိုင် ၁၈

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာ‌စောင်နှင့် ဓာတ်ပုံပြပွဲများကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃(ပြ) ဒေါ်‌ဖြိုးဝင့်စံက ကျောင်းသားကျောင်းသူများအနေဖြင့် "နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန်နှင့် တန်ဖိုးထားတတ်စေရန်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများနှင့် ပတ်သတ်၍ အသိပညာပေးဟောပြောပြီး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကြောင်း သိရသည်။

ထို့နောက် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြသထားပြီး စာအုပ်စာစောင်များကိုလည်း ခင်းကျင်းပြသထားရာတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းများနှင့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရစကားများ၊ အာဇာနည်(၉)ဦး သမိုင်းအကြောင်းအရာများနှင့် အသိပညာပေး စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာတွင် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး သိရှိလိုသည့်များအား မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)