ပွင့်ဖြူမြို့နယ်၌ ကံသာကြီးကျေးရွာ (အ.ထ.က) ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပွင့်ဖြူ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းခိုင်က ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် လုပ်ဆောင်ရမည့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ မောင်ပိုင်အုပ်စိုးခန့်(Grade-10)၊ မဆုရတီ(Grade-10)၊ မမြူစင်ကြယ်(Grade-10)၊ မဇင်ဝေဝေနှင်း(Grade-10) တို့က “လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာဖတ်ခြင်း” စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်အလိုက် ဆွေးနွေးချက်များအပေါ် ဝိုင်းဝန်းအကြံပြု ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )