တောင်ငူမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

တောင်ငူ ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆွေဆွေမိုးက ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲအားစတင်ရာ တောင်ငူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးက “ဆယ့်ကိုးဇူလိုင်မမေ့နိုင်၊ ဇူလိုင်ဆယ့်ကိုးမျက်ရည်မိုး၊ မမေ့အပ်ပေ သမိုင်းသက်သေ အာဇာနည်ကြီးတွေ၊ လွတ်လပ်ပန်းအတွက် သက်စွန့်ခဲ့ပေ အာဇာနည်တွေ၊ အာဇာနည်တွေယူခဲ့ပေး တို့ပြည်လွတ်လပ်ရေး” စသည့်ခေါင်းစဥ်များဖြင့် အသီးသီးယှဥ်ပြိုင်ကြသည်။

ထို့နောက် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် ကျောင်းသားကျောင်းသူများအား Women Club အဖွဲ့ဥက္ကဋ္ဌ(အမှတ်ပေးဒိုင်) ဒေါ်သီသီဝင်းမှ ပြိုင်ပွဲနှင့်ပတ်သက်သည့် အကြုံပြုချက်များပြောကြားပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု(၁)နှင့် နှစ်သိမ့်ဆု(၂)ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုညိုထွေး၊ ကျပန်းစကားပြောပြိုင်ပွဲအတွက် ဆုတံဆိပ်နှင့် ဆုချီးမြှင့်ငွေများ ထောက်ပံ့ပေးသည့် KBZMS လုပ်ငန်းမှ တောင်ငူရုံးခွဲတာဝန်ခံဦးကျော်နန္ဒ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဇာခြည်အောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့် အ.ထ.က(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ခိုင်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ဇော်ကိုကို (တောင်ငူ)