ဘိုကလေး ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ညနေ(၃)နာရီခွဲအချိန်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနား ကျင်းပဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒေါ်သီတာမျိုးနှင့် အဖွဲ့၊ ဝန်ထမ်းများ၏ သား/သမီးများနှင့် ကျောင်းသား/သူများ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းက ဝန်ထမ်းများအနေဖြင့် မိမိတို့၏ သား/သမီးများအား အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုစရာ သားကောင်းရတနာများ ဖြစ်လာအောင် ပြုစုပျိုးထောင်ကြရန်လိုအပ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့်လည်း ပညာပြည့်ဝနှလုံးလှသော လူရည်ချွန် သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန်လိုအပ်ကြောင်းနှင့် ယခုထောက်ပံ့ကြေးသည် ပညာသင်ကြားရာ၌ တစ်စိတ်တစ်ပိုင်း အထောက်အပံ့ဖြစ်စေရေးအတွက် ပေးအပ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းနှင့် ဒုတိယဦးစီးမှူးများ၊ မြို့နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒေါ်သီတာမျိုးနှင့် အဖွဲ့တို့က ဝန်ထမ်းသားသမီး ကျောင်းသား/သူ (၅၅)ဦးအား ထောက်ပံ့ငွေများနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထောက်ပံ့ငွေမှာ တက္ကသိုလ်အဆင့်(၁၁)ဦးနှင့် အထက်တန်းအဆင့် (၁၂)ဦးအတွက် တစ်ဦးလျှင် (၂၀,၀၀၀)ကျပ်နှုန်းဖြင့် (၄၆၀,၀၀၀)ကျပ်၊ အလယ်တန်းအဆင့် (၉)ဦးအတွက် (၁)ဦးလျှင်(၁၅,၀၀၀)ကျပ်နှုန်းဖြင့် (၁၃၅,၀၀၀)ကျပ်၊ မူလတန်းအဆင့် (၂၃)ဦးအတွက် တစ်ဦးလျှင် (၁၀,၀၀၀)ကျပ်နှုန်းဖြင့် (၂၃၀,၀၀၀)ကျပ်၊ စုစုပေါင်း ကျောင်းသား(၅၅)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်းမှာ (၈၂၅၀၀၀)ကျပ်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘို ကလေး)