ပခုက္ကူမြို့နယ်တွင် ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးပြုစုစောင့် ရှောက်မှုလုပ်ငန်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေး

ပခုက္ကူ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်ကာ  ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ၌ ယာယီနေထိုင်ကြသည့် ပြည်သူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းသူရမြင့်ဦးဆောင်၍  ကျန်းမာရေးဝန်ထမ်းများက ရေဘေးရှောင်ပြည်သူများအား ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင်အခြား‌ သောရောဂါများမဖြစ်ပွားစေရေး ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်‌ရှောက်ကုသပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများပေးအပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွှတ်မျှတစွာ နေထိုင်၊ စားသောက်‌စေရေး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို မြို့ပေါ်ရပ်ကွက်များရှိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ၌  စဉ်ဆက်မပြတ်ကွင်းဆင်း ဆောင်ရွက်ကြသည်။

ပခုက္ကူမြို့နယ်တွင် လက်ရှိအချိန်ထိ ရေဘေးသင့်ပြည်သူအိမ်ထောင်စု (၂၁၄၄) စု၊ လူဦးရေ (၈၅၀၀) ဦးကျော်ရှိပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း (၂၈) ခုဖွင့်လှစ်ကာ လိုအပ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)