သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

သဲကုန်း ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေက အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အခမ်းအနားများတွင် တာဝန်ပေးအပ်လာပါက အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် အခမ်းအနားမှူး၏အဓိပ္ပါယ်၊ အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့်အရည်အချင်းများကို အရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးနှင့် သင်တန်းနည်းပြဆရာ၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးထက်ပိုင်မင်း (ကိုပိုင်-သဲကုန်း) က သင်တန်းသူများအား အခမ်းအနားမှူး (M.C) ဆိုတာ ဘာလဲ၊ အခမ်းအနားမှူး (M.C) တစ်ဦးတွင်ရှိရမည့် အဓိကအရည်အချင်းများ၊ အသံထွက်မှန်ကန်စေဖို့ အခြေခံမှတ်သားထားသင့်သည့်အချက်များ၊ အသုံးအနှုန်းဝေါဟာရများကို မှန်ကန်စွာသုံးစွဲပြောကြားနိုင်ရေးနှင့် ဆောင်ရန်ရှောင်ရန်များ၊ အခမ်းအနားမှူး၏ဝတ်စားဆင်ယင်မှု၊ မှားတတ်သည့် သဒ္ဒါအထားအသိုနှင့် အသုံအနှုန်းများ၊ ကိုယ်ဟန်အမူအယာ၊ အသံအဖြတ်အတောက်နှင့် အသံအနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့်နည်းလမ်းများနှင့် အသုံးအနှုန်းများအကြောင်း၊ ကြိုတင်ပြင်ဆင်ရမည့်အကြောင်းအရာများကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသူ (၂၇) ဦးတက်ရောက်ခဲ့ပြီး သင်တန်းအား ဇူလိုင်လ ၁၇ ရက်မှ ၁၈ ရက်နေ့အထိ (၂) ရက်ဖွင့်လှစ်သင်ကြား​​ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)