သန်လျင်၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်၊ ဓာတ်ပုံစာအုပ်စာစောင်၊ ပြပွဲကျင်းပ

သန်လျင် ဇူလိုင် ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.ထ.က(၃)တို့ပူးပေါင်းကျင်းပသော အာဇာနည်နေ့ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီတွင် သန်လျင်မြို့ အ.ထ.က(၃)ခန်းမ၌ ကျင်းပသည်။

အစီအစဥ်အရ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အိအိမွန်က (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအကြောင်း ဆွေးနွေးဟောပြောသည်။ ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန သန်လျင်မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးအကြောင်းအရာများအား ရှင်းလင်းဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ရွေ့လျားမော်တော်ယာဥ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးမှုကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာပြီး စာအုပ်စာစောင်များအား ငှားရမ်းဖတ်ရှုကြသည်။

အဆိုပါအခမ်းအနားသို့ အ.ထ.က(၃)သန်လျင်ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူ(၂၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ  (ခရိုင်ပြန်ဆက်)