လွိုင်ကော် ဇူလိုင် ၁၇
လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးကြီးသည် ပြည်နယ်၏အထင်ကရဈေးတစ်ခုဖြစ်ကာ ဒေသနေပြည်သူများ၏ အဓိကရောင်းဝယ်ဖောက်ကားရာဈေးကြီးတစ်ခုဖြစ်ပြီး (၁၀-၁၂-၂၀၂၃) ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ မီးရှို့ဖျက်စီးခဲ့ခြင်းကြောင့် ပြည်သူများထိခိုက်နစ်နာဆုံးရှုံးခဲ့ရပါသည်။ ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် ဇွန်လ ၁၅ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများက သီရိမင်္ဂလာဈေး(တောင်ဈေး)၏ မီးလောင်ပြင်မြေနေရာအား ရှင်းလင်းဆောင်ရွက်ခြင်းနှင့် အဆင့်မြင့်ဈေးအသစ် အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေး ကြိုတင်ပြင်ဆင်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ယခုအခါ သီရိမင်္ဂလာဈေးအဆင့်မြင့်ဈေးသစ် ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များမှ သီရိမင်္ဂလာအဆင့်မြင့် ဈေးသစ်ဆောက်လုပ်မည့်မြေနေရာအား ပန္နက်တော်တင်ခြင်း၊ အမွေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် သီရိမင်္ဂလာအဆင့်မြင့်ဈေးသစ်တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက အဆင့်မြင့်ဈေးသစ်ဆောက်လုပ်မည့် အခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ သီရိမင်္ဂလာအဆင့်မြင့်ဈေးကြီးကို (၁)ထပ်ဆိုင်ခန်း(၃၀၀)ခန်း၊ (၈)ခန်းတွဲ(၆၇၂)ခန်း၊ (၆)ခန်းတွဲ(၁၂၄)ခန်း၊ အစားသောက်တန်း(၅၄)ခန်းတို့ဖြင့် အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် အမြန်ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သီရိမင်္ဂလာဈေး(တောင်ဈေး) အဆင့်မြင့်တည်ဆောက်နေစဉ် ကာလအတွင်း ပြည်သူများ အေးချမ်းစွာရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် သီရိမင်္ဂလာ(ယာယီ) ဈေးဆောက်လုပ်ပေးနေမှုအခြေအနေများနှင့် ဈေးဖွင့်လှစ်ရောင်းချနေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးရောင်းချလျက်ရှိသည့် ဈေးသူ၊ ဈေးသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များရောင်းချနိုင်ရေး၊ ဈေးပရိဝုဏ်အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် တာဝန်ရှိသူများက စနစ်တကျကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)