ငဖဲမြို့နယ် နယ်ဇောကျေးရွာ (အ.မ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

ငဖဲ  ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၂ နာရီက နယ်ဇောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် နယ်ဇောကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မော်မော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်အသိပညာပေးလှုပ်ရှားဆောင်ရွက်မှုအခြေအနေများ၊ (၇၇)နှစ်မြောက်အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများ၊ လူကုန်ကူးမှုအန္တရာယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး သိကောင်းစရာများ၊ အသိပညာဗဟုသုတတိုးပွားစေရေး စာအုပ်စာစောင်များကိုလေ့လာဖတ်ရှုရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ကျောင်းသား/သူများအား အသိပညာပေးပြောကြားသည်။

ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းဆောင်ရွက်ကာ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် သရုပ်ဖော်ရုပ်ပြများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)