မအူပင်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကာယအလှမယ်ပြိုင်ပွဲနှင့် ဂီတပဒေသာပွဲ အခမ်းအနားကျင်းပ

မအူပင် ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကာယအလှမယ်ပြိုင်ပွဲနှင့် ဂီတပဒေသာပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မအူပင်တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးက အဖွင့်အမှာစကားပြောကြားပြီး ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများက မအူပင်တက္ကသိုလ်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ ဘာသာရပ်အသီးသီးမှ ‌ရွေးချယ်ထား‌သော ဝါသနာရှင် ကာယအလှမယ်လေးများအား ပြိုင်ပွဲနှင့်ဇကာတင်ယှဉ်ပြိုင်ခြင်းများ ကျင်းပပြုလုပ်သည်။ ၎င်းနောက် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကာယအလှမယ်များအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အကဲဖြတ်ဒိုင်များအား အမှတ်တရ ဂုဏ်ပြုလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြသည်။ ယင်းနောက် တေးသရုပ်ဖော်အကအလှများ၊ တေးသီချင်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဘာသာရပ်အသီးသီးမှဆရာ၊ ဆရာမများက မြကျွန်းညိုညိုတက္ကသိုလ် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

အဆိုပါ ကာယအလှမယ်ပြိုင်ပွဲနှင့် ဂီတပဒေသာပွဲအခမ်းအနားသို့ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)