ဒေးဒရဲ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်သူလူထုပူးပေါင်းပါဝင်သော ရေပြင်ရှာဖွေကယ်ဆယ်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြပွဲအခမ်းအနားအား ယနေ့နေ့လယ် (၁၂) နာရီက အမှတ် (၁) ရပ်ကွက်၊ မောင့်ဖူးစာဆိပ်ကမ်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များဦးဆောင်၍ ဖျာပုံခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းပပကျော်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးမြတ်သူထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ် လာပါကအရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့်လူများအား ရှာဖွေကယ်ဆယ်ခြင်း၊ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံနည်းများ၊ သဘာဝဘေးဒဏ်ခံရသည့် လူနာများအား ရှေးဦးသူနာပြုစုနည်းများဖြင့် ကုသခြင်း၊ မြစ်ရေကြီးမြင့်လာပါက နီးစပ်ရာအရေးပေါ်စခန်းများသို့ ရွှေ့ပြောင်းရန် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို သရုပ်ပြခဲ့ကြကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ဖျာပုံခရိုင်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးခန့်ခွဲရေးဦးစီးဌာနက ရေဘေးအသိပညာပေး ပိုစတာပြသခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း