ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရွှေတောင် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အိုးထိမ်းကုန်း အခြေခံပညာမူလွန်ကျောင်းနှင့် လက်ခုတ်တန်းအခြေခံပညာမူလတန်းကျောင်းတို့တွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိုးထိမ်းကုန်းကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးသဲမောင်မောင်စိုးနှင့် လက်ခုတ်တန်းကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်သက်ထားအေးတို့က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊  လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့်ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး ပြောကြားခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ယဥ်ယဥ်ဆင့်နှင့် ဒုတိယဦးစီးမှူးဒေါ်ဇင်မာချောစုကြည်တို့က စားသုံးသူနှင့်ပတ်သက်သော ကုန်အညွှန်းအမှတ်အသား(၈)ချက်နှင့် ဆောင်ရန်ရှောင်ရန် အသိပညာပေးသိကောင်းစရာအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ပေးပြီး ဒေါ်ရွှေဝတ်ရည်တိုးက “မိအေးချက်သည့်ဟင်းတစ်ခွက်” စက္ကူပြဇာတ်ဖြင့်လည်းကောင်း၊ “ကဒုကဒိက်ကဒေါ့ကဒက်” ရုပ်ပုံစာအုပ်ဖြင့်လည်းကောင်း ပုံပြင်များအသီးသီးပြောပြခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်စာစောင်များ ဖတ်ရှုကြပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ ဆက်)