လဟယ် ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လူငယ်လူရွယ်များ စာပေဗဟုသုတိုးပွားပြီး သုတ/ရသစာအုပ်စာပေများ ဖတ်မှတ်လေ့လာသော အကျင့်ကောင်းများ ရှိစေရန်နှင့် ဗလငါးတန်ပြည့်ဝစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်စာပေဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လဟယ်မြို့ အထက်တန်း ကျောင်း ချယ်ရီမြိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာနာဂဒေသအဆင့်ပညာရေးမှူး ဦးဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရှားဆက်က လူငယ်ဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ဦးဆောင်ဆွေးနွေးသူများက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အချိန်၏တန်ဖိုး၊ လူငယ်နှင့်လူငယ်နှင့်အတက်ပညာ၊ လူငယ်နှင့်ပေါင်းသင်း ဆက်ဆံရေးစသော ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ တက်တက်ရောက်လာကြသော ကျောင်းသား/သူများက ဦးဆောင်ဆွေးနွေးသူများ၏ ဆွေးနွေးချက်ပေါ် အပြန်အလှန်မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံ-၂ က ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီး အခြေခံပညာအထက်တန်းကျောင်းမှ မညီကီခါးပွန် (Grade-9)က လူငယ်နှင့်အတက်ပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဆွမ်မိကြာ (Grade-9) က လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်မှ မအထင်း(Grade-9)က လူငယ်နှင့်အချိန်၏ တန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း မောင်ဝမ်ကြာလယ်(Grade-9)က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါလူငယ်ဆွေးနွေးပွဲသို့ ဒေသအဆင့်ပညာရေးမှူး ဦးဆန်းဦးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)