စေတုတ္တရာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီပျိုးပင်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

စေတုတ္တရာ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခုနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီပျိုးပင်များ‌ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနရုံးတွင် ယနေ့မွန်းတည့်ချိန် ၁၂ နာရီတွင် တောင်သူများထံ ပေးအပ်ကြောင်း သိရသည်။

ရှေးဦးစွာ စေတုတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က ကော်ဖီသီးနှံစိုက်ပျိုးနိုင်ရေး၊ တိုးချဲ့စိုက်ပျိုးမည်ဧကများနှင့် ကော်ဖီပျိုးပင်ပေးအပ်မည့်အခြေအနေ၊ ရရှိမည့်အကျိုးကျေးဇူးများကို အဖွင့်အမှာစကားပြောကြားပြီးနောက်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြစံမှ ကော်ဖီပျိုးပင်များ စိုက်ပျိုးနည်းစနစ်များ အရည်အသွေးကောင်း ကော်ဖီထုတ်လုပ်ရေး ရေရှည်တည်တံ့ကော်ဖီစိုက်ပျိုးနည်းစနစ်များကို တက်ရောက်လာသော ကော်ဖီစိုက်ပျိုးသည် တောင်သူများအား ရှင်းလင်းပြောကြား၍ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိတို့က ကော်ဖီပျိုးပင်များ အခမဲ့ထောက်ပံ့ပေးအပ်ခြင်း၊ ကော်ဖီစိုက်ပျိုးနည်း အသိပညာပေးလက်ကမ်းများအား တက်ရောက်လာကြသူများအား ဖြန့်ဝေပေးသည်။

အဆိုပါ ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးမည့် ကော်ဖီပျိုးပင်များအား လက်ရှိ‌ကော်ဖီစိုက်ပျိုးလျက်ရှိသောဒေသ၊ ရာသီဥတုနှင့်ကိုက်ညီသည့်ဒေသ၊ စိုက်ပျိုးဖြစ်ထွန်းမှု အလားအလာကောင်းမွန်နိုင်သော ဒေသဖြစ်သည့် စေတုတ္တရာမြို့နယ်အတွင်းရှိ သက္ကယ်တောင်၊ သက္ကယ်ကျင်းကျေးရွာ(၂)ရွာအား ရွေးချယ်ပြီး တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ရာ‌ တိုးချဲ့စိုက်ပျိုးမည့် ကော်ဖီပျိုးပင်များအား ဒုန်းချောင်းအုပ်စု သက္ကယ်တောင်ကျေးရွာရှိ တောင်သူ(၁၇)ဦးအား ဖြန့်ဖြူး၍ ၎င်းတို့မှ စိုက်ပျိုးမည်ဧက ၃၄.၅၀ ဧကရှိခြင်း၊ သက္ကယ်တောင်ကျေးရွာတောင်သူ(၇)ဦးအား မျိုးစေ့များဖြန့်ဖြူး၍ စိုက်ပျိုးမည့် ဧက(၁၀၀)ရှိကြောင်း သက္ကယ်တောင်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ခုနှစ် တစ်နှစ်လျှင် ကော်ဖီသီးနှံ ၇၀၀ ဧက တိုးချဲ့စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)