ပန်းတနော်မြို့နယ် အ.ထ.က (ပသွယ်) ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပန်းတနော် ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က (ပသွယ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးကိုကိုမောင်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာ ဗဟုသုတများ ပိုမိုရရှိစေရေး၊ စကားပြော အတတ်ပညာကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်စေရေး၊ လူ့အဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အ.ထ.က (ပသွယ်) ကျောင်း ကျောင်းအုပ်ဆရာမကြီးမှ ယခုလိုကျောင်းသား ကျောင်းသူများအား အသိပညာဗဟုသုတများရရှိစေရန် ဟောပြောပွဲများလာရောက်ပြုလုပ်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသည့်တာဝန်ရှိသူများနှင့် အ.ထ.က (ပသွယ်) ကျောင်းမှ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စည်းကမ်း စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများမှ လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ် ဗီနိုင်းပိုစတာများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)