လက်ပံတန်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

လက်ပံတန်း ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ အ..က(၃)၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းမှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်စသည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းရောဂါ ရှောင်ရန်ဆောင်ရန်ဆိုင်ရာ သိကောင်းစရာအကြောင်း၊ အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်းက ကျောင်းသား/ ကျောင်းသူများအား ဘုတ်ပြားပြဇာတ် ရုပ်ပုံပြဇာတ်များပြသခဲ့ပြီး ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများကို (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)