ပန်းတနော်မြို့၌ စစ်ဆေးအကဲဖြတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်း၏ အရေးပါမှုဆိုင်ရာ သင်တန်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ပန်းတနော် ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ စစ်ဆေးအကဲဖြတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်း၏ အရေးပါမှုဆိုင်ရာ သင်တန်းဆွေးနွေးပွဲ အခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မအူပင်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(ပညာ) ဆရာကြီးဦးခင်ဌေးက "ဘက်စုံပညာအရည်အချင်းမှတ်တမ်းချုပ် QCPR၊ CCPR" ဖြည့်သွင်းခြင်းဆိုင်ရာလုပ်ငန်း ကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခြင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး (စီမံ/ ဘဏ္ဍာ) ဆရာကြီး ဦးလင်းထင်က လုပ်ငန်းလမ်းညွှန်အမှာစကားပြောကြားခြင်းနှင့် လက်ထောက် မြို့နယ်ပညာရေးမှူးဦးဝင်းကြိုင်က သင်တန်းနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပန်းတနော်မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက စစ်ဆေးအကဲဖြတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်း၏ အရေးပါမှု၊ QCPR၊ CCPR ရုံးလုပ်ငန်းဆိုင်ရာ ဖြည့်သွင်းပေးပို့ရမည့် စာရင်းဇယားများအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း သင်တန်းသား ဆရာ/ မ စုစုပေါင်း (၃၃၂)ဦးတက်ရောက် ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)