မြန်အောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း(၂၄)ကျောင်း ယာယီပိတ်ထား

မြန်အောင် ဇူလိုင်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ကျောင်းဝန်းအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၂၄)ကျောင်းအား ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် မြန်အောင်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၁)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၄)ကျောင်း၊အလယ်တန်းကျောင်း(၃)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၁၅)ကျောင်း စုစုပေါင်း (၂၄)ကျောင်းတို့အား အစိုးရရုံးပိတ်ရက် အပါအဝင်(၂၁-၇-၂၀၂၄) ရက်နေ့အထိ ယာယီပိတ်ထားကြောင်းသိရသည်။

မြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား/ကျောင်းသူများနှင့်ကျောင်းအဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် မြစ်ရေကျဆင်း၍ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်စုချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ကျောင်းအတွင်းအပြင်သန့်ရှင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိ​ရေးနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ်မြန်အောင်(ပြန်/ဆက်)