ဘိုကလေး ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ယနေ့နံနက်(၁၀)နာရီခွဲ အချိန်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဒေါ်မာမာဆွေ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းလှိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကော်မတီဝင်များ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဟူသည်မှာ ကျေးရွာနေပြည်သူတွေကို ဗဟိုပြု၍ ဆောင်ရွက်ရသည့် ကိစ္စရပ်ဖြစ်သည့်အတွက် ကျေးရွာမှကော်မတီဝင်များအနေဖြင့် မိမိဒေသအကျိုးအတွက် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်တဲ့ ကျေးရွာကော်မတီဝင် ပြည်သူတွေ အားထည့်ဆောင်ရွက်သလောက် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် စိတ်စေတနာ အရင်းခံ၍ အားထည့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းလှိုင်က ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျေးရွာလမ်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ကြမည့် ဘိုကလေးမြို့နယ်၊ ပန်းပဲစုကျေးရွာ အုပ်စု၊ သစ်တိုချောင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာအုပ်စု၊ ဟိုင်းစီကျေးရွာအုပ်စု၊ ဗြူးစခန်းကျေးရွာအုပ်စု၊ ဂရမ်းကျေးရွာအုပ်စု၊ သပြေကန်ကျေးရွာအုပ်စုနှင့် ချောင်းဗြဲကြီးကျေးရွာအုပ်စု စသောကျေးရွာအုပ်စု(၈)အုပ်စုမှ ကော်မတီဝင်များထံ ကျေးရွာအုပ်စု (၁)စုလျှင် ရန်ပုံငွေကျပ် သိန်း(၁၅၀)နှုန်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)