မြန်အောင် ဇူလိုင် ၁၇
ဧရာဝတိတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်ဧရာဝတီမြစ်ကမ်းဘေးနေ အိမ်ထောင်စုများ မြစ်ရေဝင်ရောက်သည့်အတွက် ယမန်နေ့က မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်တွင် ယမန်နေ့အထိ ယာယီရေဘေးရှောင်စခန်း(၅)ခုဖွင့်လှစ်၍ ဧရာဝတီမြစ်ရေဝင်ရောက်သည့် ရပ်ကွက်/ကျေးရွာများမှ အိမ်ထောင်စု(၁၅၂)စု၊ လူဦးရေ (၅၂၀) ဦးတို့အား ရွှေ့ပြောင်းထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အခြေခံ စားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်စသည်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များက ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ်(မြန်အောင်)