ဘားအံ ဇူလိုင် ၁၇
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် (၂၁)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
(၂၁)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ ကရင်ပြည်နယ်ဩဝါဒစရိယ ဇွဲကပင် ဆရာတော်အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဓမ္မကထိကဗဟုဇနဟိတဓရဘဒ္ဒန္တကဝိဓဇ အမှူးပြုသော နိုင်ငံတော် ဩဝါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပြည်နယ်သံဃနာယက၊ မြို့နယ်သံဃနာယက(ဂိုဏ်းစုံ) ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများကြွရောက်ချီးမြှင့်တော်မူကြပြီး နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကာ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ဇွဲကပင်ဆရာတော် ဘဒ္ဒန္တကဝိဓဇ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်ဘုရားကြီးများ ရွတ်ပွားသဇ္ဈာယ်တော်မူသည့် မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကတို့က ဇွဲကပင်ကျောင်းဆရာတော် ဘုရားကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း၍ ကြွရောက်ချီးမြှင့်တော်မူကြသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယနေ့ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ဘားအံမြို့၌ ပုရိမဝါဆိုဝါကပ်တော်မူကြမည့် ဘုန်းတော် ကြီးကျောင်း(၆၈)ကျောင်းရှိ ရဟန်း(၁၇၁၁)ပါး၊ သာမဏေကြီး(၈၇၄)ပါး၊ သာမဏေငယ် (၄၈၄)ပါး၊ သီလရှင်ပရိယတ္တိ စာသင်တိုက်(၉)တိုက်ရှိ သီလရှင် (၉၁၂) ပါး၊ ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း ၃၉၈၁ ပါးတို့အား ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖအလှူရှင်များက စုစုပေါင်းငွေကျပ် ၁၁၃၇၀၈၀၀ဝိ/- (တစ်ထောင့်တစ်ရာ သုံးဆယ်ခုနှစ်သိန်းရှစ်ထောင်ကျပ်) အကုန်အကျခံ၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး ကျောင်းတိုက်အသီးသီးရှိ သံဃာတော်၊ သီလရှင်များအား သက်ဆိုင်ရာဌာနများက ဆရာ/ဒကာကျောင်းတိုက်များသို့ ပို့ဆောင်ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဇွဲကပင်ဆရာတော်ဘုရားကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့လုံးကျွတ်ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်လာသော လူပုဂ္ဂိုလ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)