မြောင်းမြမြို့တွင် ရေဘေးအန္တရာယ် ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

မြောင်းမြ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ရေကြီး၊ ရေလျှံမှုများကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်နှင့် ရင်ဆိုင်ရနိုင်သည့် ဘေးအန္တရာယ်များအလိုက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများကို သိရှိစေရန်အတွက် ရေဘေးအန္တရာယ် ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၉း၀၀)နာရီအချိန်က မြရတနာရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ဇာတ်တိုက်လေ့ကျင့်ရာတွင် အမှန်တကယ် ဘေးအန္တရာယ်ကြုံတွေ့လာပါက လိုက်နာဆောင်ရွက်ရမည့်အချက်များကို သိရှိနိုင်ရန် ရေပြင်အသက်ကယ်ရှာဖွေခြင်း၊ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများသို့ စနစ်တကျရွှေ့ပြောင်း ကူညီဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းနှင့် ရှေးဦးသူနာပြုစုပေးခြင်းစသည့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါရေဘေးအန္တရာယ်ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများစုပေါင်း၍ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)